ကင်ဆာတိုက်ဖျက်ဆေးများနှင့် ကုသခြင်း
ကနဦးခွဲစိတ်ကုသမှုခံယူပြီးနောက် ကင်ဆာထပ်မံဖြစ်ပွားနိုင်ချေကို လျှော့ချနိုင်ရန် ဆေးသွင်းကုသလေ့ရှိပါတယ်။ဘယ်လောက်ကောင်းတဲ့ခွဲစိတ်ကုသနည်းပဲဖြစ်ဖြစ် ကင်ဆာဆဲလ်တွေဟာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပျံ့နှံ့နေနိုင်တဲ့အတွက် ပြန်လည်ဖြစ်ပွားနိုင်ချေရှိပါတယ်။ဒုတိယအချက်အနေနဲ့ ခွဲစိတ်ကုသလို့မရတဲ့ ကင်ဆာမျိုးတွေဆိုရင်လည်း ဆေးသွင်းကုသနည်းဟာ အကောင်းဆုံးဖြစ်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ ရင်သားကင်ဆာ အူမကြီးကင်ဆာတွေဆိုရင် ကုသမှုမခံယူမီ ကင်ဆာဆဲလ်တွေကို ကျုံ့သွားအောင် ဆေးသွင်းကုသမှုကို ဦးစွာပြုလုပ်ပါတယ်။
ကင်ဆာတိုက်ဖျက်ဆေးတွေကို ဆေးသွင်း၍လည်းကောင်း ဆေးလုံးအနေဖြင့်လည်းကောင်း ပေးလေ့ရှိပါတယ်။၎င်းဆေးတွေဟာသွေးကြောတောက်လျှောက်စီးဆင်းသွားပြီးတော့ ပင်ရင်းကင်ဆာဆဲလ်တွေအပြင် ပျံ့နှံ့နေတဲ့ကင်ဆာဆဲလ်တွေကိုပါ သတ်ပစ်ပါတယ်။တစ်ခါတစ်ရံမှာတော့ ဆေးတွေကို ကင်ဆာဖြစ်တဲ့ နေရာကိုပဲ တိတိကျကျထိုးသွင်းတာမျိုးလည်း ရှိပါတယ်။
ဖြစ်တဲ့ကင်ဆာ အမျိုးအစားနဲ့ လူနာရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးတော့ ဆေးအမျိုးအစားကို ရွေးချယ်ပါတယ်။ပြီးရင်တော့ ဆေးသွင်းတာပဲဖြစ်ဖြစ် ဆေးသောက်တာပဲဖြစ်ဖြစ် ဘယ်လောက်ကြာကြာသောက်ရမယ် ဘယ်လောက်ခြားတစ်ခါသောက်ရမယ် ဆိုတာကို ဆုံးဖြတ်လေ့ရှိပါတယ်။နောက်ဆုံးပေါ်ဆေးဝါးတွေကတော့ ကင်ဆာဖြစ်တဲ့နေရာကိုပဲ ဦးတည်တာကြောင့် ဘေးထွက်ဆိုးကျိုးတွေ နည်းပါးပါတယ်။ဆိုးကျိုးတွေခံစားရပါက အဆင့်မြင့်ကုထုံးတွေနဲ့ သက်သာအောင် ဆောင်ရွက်ပေးပါတယ်။
ခုခံအားဆေးသွင်းကုထုံး
ဇီဝကုထုံး(သို့) ခုခံအားဆေးသွင်းကုထုံးဟာ ကင်ဆာရောဂါကုသရာမှာ နောက်ဆုံးပေါ်ကုထုံးတစ်ခုဖြစ်ပါတယ်။ကင်ဆာတိုက်ဖျက်ဆေးတွေလိုမျိုး ကင်ဆာဆဲလ်တွေကို သတ်ပစ်မယ့်အစား ခုခံအားစနစ်ကိုမြှင့်တင်ပေးခြင်းဖြင့် ခန္ဓာကိုယ်ဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိလာပါတယ်။
ကနေဦးကုထုံးတွေနဲ့ အဆင်မပြေတဲ့ လူနာတွေဆိုရင် အခြားသောကင်ဆာတိုက်ဖျက်ဆေးများနဲ့ ကုသလေ့ရှိပါတယ်။ယခုအခါမှာတော့ ခုခံအားဆေးသွင်းကုထုံးတွေပေါ်လာပြီဖြစ်တဲ့အတွက် အစားထိုးကုသနည်းတစ်ခုရလာတဲ့အပြင် ပုံမှန်ကင်ဆာဆေးတွေထက်လည်းပိုကောင်းတာကိုတွေ့ရပါတယ်။
ပစ်မှတ်ထားကုသနည်း
ဘယ်လိုကင်ဆာကုထုံးမျိုးမှာမဆို ပစ်မှတ်ထားကုသနည်းဟာပါဝင်လေ့ရှိသော်လည်း ယခုနှစ်ပိုင်းမှာတော့ ပိုပြီးတော့ ခေတ်စားလာခဲ့ပါတယ်။ကင်ဆာဆဲလ်တစ်ခုချင်းစီကို ပစ်မှတ်ထားခြင်းဖြင့် ကင်ဆာဆဲလ်တွေကြီးပွားမှုနဲ့ ပြန့်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ထို့ပြင် ခန္ဓာကိုယ်ရှိ ကင်ဆာဆဲလ်တွေကိုတောင် လုံးဝဖျက်ဆီးပစ်နိုင်ပါတယ်။အဆုတ် အသည်း ရင်သား အူမကြီး ကျောက်ကပ်နဲ့ အရေပြားကင်ဆာတွေမှာဆိုရင် ပစ်မှတ်ထားကုသနည်းကြောင့် လူနာတွေပိုပြီးသက်တမ်းရှည်လာတာကို တွေ့ရပါတယ်။
အများအားဖြင့် သောက်ဆေးများနဲ့ ကုသလေ့ရှိပြီး အချို့သောကင်ဆာတွေမှာတော့
ပိုမိုထိရောက်အောင် ကင်ဆာတိုက်ဖျက်ဆေးတွေနဲ့အတူ ထိုဆေးအမျိုးအစားကို အသုံးပြုလေ့ရှိပါတယ်။ဘေးထွက်ဆိုးကျိုးအလွန်နည်းပါးလေ့ရှိပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝမ်းလျှောခြင်း အနီကွက်ဖြစ်ခြင်းဟာ ဆိုရင်လည်း ကုသလို့လွယ်ကူလှပါတယ်။
ဟော်မုန်းကုထုံး
ဟော်မုန်းကုထုံးဟုဆိုသော်လည်း အမှန်တကယ်တော့ ဟော်မုန်းကိုဆန့်ကျင်တဲ့ ကုထုံးပဲဖြစ်ပါတယ်။အဓိကရည်ရွယ်ချက်မှာ ရင်သားနဲ့ဆီးကျိတ်မှာရှိတဲ့ ကင်ဆာဆဲလ်တွေကြီးထွားခြင်းကို ဖြစ်စေတဲ့ ခန္ဓာကိုယ်ရှိ သဘာဝဟော်မုန်းတွေရဲ့ လုပ်ဆောင်မှုတွေကို ပိတ်ပစ်လိုက်တာပဲဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ မဟော်မုန်း(esfrogen) နဲ့ ကျားဟော်မုန်း(testosterone) ကို သဘာဝအတိုင်းထုတ်လုပ်လေ့ရှိပါတယ်။ဤနည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို မျှခြေအနေအထားမှာ ရှိနေအောင် ကူညီပေးပါတယ်။ဒါပေမယ့် ရင်သား(သို့) ဆီးကျိတ်ကင်ဆာခံစားနေရတဲ့ လူနာတွေမှာဆိုရင် ၎င်းဟော်မုန်းတွေဟာ မြင့်တက်လာပြီးတော့ ကင်ဆာဆဲလ်တွေကို ပိုမိုကြီးထွားစေတဲ့အတွက် ၎င်းဟော်မုန်းတွေကို ပိတ်ဆို့စေခြင်းဖြင့် ၎င်းဖြစ်စဉ်တွေကို ဟန့်တားပေးပါတယ်။
ဟော်မုန်းနဲ့ဆက်စပ်နေတဲ့ ရင်သားကင်ဆာတွေမှာဆိုရင် ခွဲစိတ်ကုသမှုနဲ့ ဆေးသွင်းကုသမှုခံယူပြီးနောက် ၅ နှစ်ကနေ ၁၀ နှစ်အထိ ဟော်မုန်းကုထုံးကို ဆက်လက်ပေးလေ့ရှိပါတယ်။ပျံ့နှံ့နေပြီးဖြစ်တဲ့ ရင်သားနဲ့ဆီးကျိတ်ကင်ဆာတွေအတွက်ဆိုရင်တော့ ဟော်မုန်းကုထုံးဟာ အလွန်ပင်ထိရောက်လှပါတယ်။ဘေးထွက်ဆိုးကျိုးတွေကတော့ ဆေးသွင်းကုထုံးနဲ့ မတူညီပါဘူး။ကုသမှုမခံယူမီ လူနာတွေကို သေချာရှင်းပြပေးထားခြင်းဖြင့် ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
ဒေါက်တာ Lo သည် ကထိကသမားတော်တစ်ဦးဖြစ်ပြီး ရင်သား၊ မီးယပ် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများအတွက် အထူးသင့်တော်တဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။
အထူးပြုအခွဲ
• ရင်သားကင်ဆာ
• အမျိုးသမီးကင်ဆာရောဂါများနှင့်
• အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာ