အမျိုးသမီးများအတွက်မျိုးဥအေးခဲခြင်း – အပိုင်း (၁)
အပိုင်း ၁ – အခြေခံအချက်များနှင့်အကျိုးကျေးဇူးများ
အသက် ၅၀ အရွယ်တွင် ကိုယ်ဝန်ဆောင်နိုင်ခဲ့တဲ့ Janet Jackson Janet Jackson’s pregnancy at 50 ရဲ့ သတင်းကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးထုတွေဟာ အသက်ကြီးပေမယ့်လည်း ကိုယ်ဝန်ဆောင်နိုင်သေးတယ်ဆိုပြီး မျှော်လင့်ချက်ရောင်ခြည်တွေသန်းလာကြပါတယ်။
အမေရိကန်သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများကွန်ဂရက် American Congress of Obstetricians and Gynaecologists, ရဲ့အဆိုအရ အမျိုးသမီးတွေရဲ့မျိုးပွားစွမ်းရည်ဟာ အသက် ၃၂ နောက်ပိုင်းမှာ စတင်ကျဆင်းလာပြီး ၃၇ နှစ်ကျော်လာလျှင်တော့ ပိုမိုလျင်မြန်စွာကျဆင်းလာလေ့ရှိကြောင်းသိရပါတယ်။ဒီလိုဖြစ်ရတာဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ မျိုးဥအောင်ဖို့ပိုမိုခက်ခဲလာတာကြောင့်ဖြစ်ပါတယ်။ဒါပေမယ့်အမျိုးသမီးတစ်ဦးဟာ ငယ်ရွယ်စဉ်မှာအေးခဲထားတဲ့သူမရဲ့မျိုးဥတွေကိုပြန်လည်အသုံးပြုမယ်ဆိုရင်တော့ ဒီလိုအခက်အခဲတွေ မကြုံတွေ့နိုင်တော့ပါဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ ကလေးမလိုချင်သေးတဲ့အမျိုးသမီးတွေဟာ ငယ်ရွယ်စဉ်အခါမှာ မျိုးဥတွေကို အေးခဲသိမ်းဆည်းထားပြီး လိုအပ်တဲ့အချိန်မှာ အသုံးပြုနိုင်ပါတယ်။

မျိုးဥအေးခဲခြင်းဆိုတာဘာလဲ?
အမျိုးသမီးရဲ့သားဥအိမ်မှ သားဥများကိုရယူကာ အေးခဲ၍ မျိုးဥဆကာထဲ၌ သိမ်းဆည်းထားခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ မျိုးဥများကို အေးခဲထားခြင်းဖြင့် ကလေးလိုချင်တဲ့အခါမှာ အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။
အကျိုးကျေးဇူးတွေကဘာတွေဖြစ်မလဲ?
၁) မျိုးဥများကိုထိန်းသိမ်းထားခြင်း
အသက်အရွယ်ရလာတာနဲ့အမျှ မျိုးဥထုတ်လုပ်မှုနှုန်းကျဆင်းလာတာကြောင့် ကိုယ်ဝန်ရနိုင်တဲ့အခွင့်အလမ်းနည်းပါးလာပါတယ်။မျိုးဥများကိုအေးခဲထားခြင်းဖြင့် နောက်ပိုင်းမှာ ကိုယ်ဝန်ရနိုင်ချေကို မြင့်မားစေပါတယ်။ ၂) ကျန်းမာသန်စွမ်းသောသန္ဓေသားလောင်းကိုပိုင်ဆိုင်နိုင်ခြင်း
အသက်အရွယ်ကြီးရင့်ခြင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့မျိုးဥတွေရဲ့ အရည်အသွေးလည်း ကျဆင်းလာကာ ကိုယ်ဝန်ပျက်ကျခြင်းနဲ့မျိုးရိုးဗီဇဆိုင်ရာ ပုံမှန်မဟုတ်တဲ့ ကလေးငယ်များကို မွေးဖွားစေနိုင်ပါတယ်။ဒါကြောင့် ငယ်ရွယ်စဉ်မှာ မျိုးဥများကို အေးခဲထားခြင်းဖြင့် အရည်အသွေးကောင်းမွန်သော မျိုးဥများကိုရရှိကာ ချောချောမောမော ကိုယ်ဝန်ဆောင်နိုင်မှာဖြစ်ပါတယ်။ ၃) မိခင်လောင်းမဖြစ်မီ အခြားအရာများပေါ်တွင် ပိုမိုအာရုံစူးစိုက်နိုင်ခြင်း
အလုပ်လုပ်နေတဲ့အမျိုးသမီးတွေအတွက် နောင်တစ်ချိန်မှာ စိတ်ပူပန်စရာမလိုဘဲ ကိုယ်ဝန်ဆောင်နိုင်မှာဖြစ်တဲ့အတွက် လက်ရှိမှာ မိမိဘဝအတွက် အရေးကြီးတာတွေကို ပိုမိုအာရုံစူးစိုက်နိုင်မှာ ဖြစ်ပါတယ်။
မျိုးဥအေးခဲခြင်းကိုစင်ကာပူနိုင်ငံတွင်ပြုလုပ်၍ရနိုင်ပါသလား?
စင်ကာပူနိုင်ငံတွင် မျိုးဥအေးခဲခြင်းကို အောက်ပါအခြေအနေနှစ်ရပ်၌သာ ပြုလုပ်ခွင့်ပေးပါတယ်။
ဓာတ်ရောင်ခြည်ကုထုံး (သို့) ဓာတုကုထုံးဖြင့်ကုသရန် လိုအပ်သော ကင်ဆာဝေဒနာရှင်များ
ဖန်ပြွန်သန္ဓေသားပြုလုပ်ရန်လိုအပ်သောလက်ထပ်ပြီးစုံတွဲများ
ဒီအခြေအနေနှစ်ခုအပြင် အခြားအမျိုးသမီးတွေကိုတော့ မျိုးဥအေးခဲဖို့အတွက် စင်ကာပူရဲ့ဥပဒေအရ ခွင့်မပြုပါဘူး။ထို့ပြင် သန္ဓေမစွဲမီ မျိုးရိုးဗီဇဆိုင်ရာရောဂါ သတ်မှတ်ခြင်း (PGD) နဲ့ ရောဂါရှာဖွေခြင်း (PGS) တွေကိုလည်း မပြုလုပ်ဖို့တားမြစ်ထားပါတယ်။
အကျိုးဆက်အနေနဲ့ကတော့ စင်ကာပူနိုင်ငံမှအမျိုးသမီးတော်တော်များများဟာ အခြားနိုင်ငံတွေ အထူးသဖြင့် မလေးရှား ကိုသွားရောက်ပြီး သူတို့ရဲ့မျိုးဥတွေကို အေးခဲသိမ်းဆည်းထားကြပါတယ်။
